သူငယ်ချင်း
သတ္တိမရှိလို့ မဟုတ်ပါဘူးကွယ်
ရှိထားပြီးဖြစ်တဲ့ အဖြူရောင်ကြိုးလေးတစ်ချောင်း
ပြတ်တောက်သွားမှာကို
ငါမလိုလားလို့ပါ..။
သူငယ်ချင်း
ဖြူစင်တဲ့ သံယောဇဉ်တွေကြားမှာ
ရှိခဲ့တဲ့ တို့နှစ်ယောက်ရဲ့အချိန်က
တကယ့်ကို နည်းနည်းလေးပါ
ဒါပေမယ့် ငါ့အတွက်တော့
အားလုံးဟာ အမှတ်တရတွေချည်းပါပဲ..။
သူငယ်ချင်း
မမျှော်လင့်ဘဲ တို့တွေခွဲခွာခဲ့ရတယ်
နှုတ်ဆက်ချိန်တောင် မရခဲ့ဘူးနော်
ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးမှ
နင့်ဆီကရောက်လာတဲ့ စာတစ်စောင်ဟာ
ပျော်ရွှင်ခြင်းတွေ ငါ့ဆီသယ်ဆောင်လာခဲ့တယ်
ငါဘယ်လောက် အံ့သြ၀မ်းသာခဲ့ရတယ်ဆိုတာ
ပြောမပြတတ်လောက်အောင်ပါပဲ..။
သူငယ်ချင်း
တို့တွေ စာအပြန်အလှန်ရေးခဲ့ကြတယ်နော်
ရှိပြီးသား သံယောဇဉ်တွေလည်း
ပိုပြီးခိုင်မာလာခဲ့တယ်
မိဘတွေနဲ့ ဝေးနေတဲ့ငါ့အတွက်
နင့်ဆီက နားလည်မှုတွေ
နွေးထွေးမှုတွေ အားပေးစကားတွေ
ပြီးတော့ ငါ့မွေးနေ့တိုင်းမှာရောက်လာတတ်တဲ့
အမှတ်တရ လက်ဆောင်လေးတွေ
ဆုတောင်းစကားလေးတွေ
အားလုံးအတွက် ကျေးဇူးပါ..။
သူငယ်ချင်း
ခုတော့ ဘယ်မှာလည်းကွယ်
ဘယ်ဆီရောက်ပြီး ဘာတွေလုပ်နေလဲ
ဘယ်အချိန်မှာ ပြန်ဆုံနိုင်မယ်ဆိုတာ
မသိနိုင်တဲ့ တို့တွေအတွက်
နင်ပျော်ရွှင်ပါစေလို့
အဝေးကနေ ငါဆုတောင်းနေပါ့မယ်
သတိရရင် ပြန်လာပါ...။
သစ္စာပန်းကဗျာရိပ်မွန်မှ ကြိုဆိုပါ၏
Subscribe to:
Post Comments (Atom)
No comments:
Post a Comment