သစ္စာပန်းကဗျာရိပ်မွန်မှ ကြိုဆိုပါ၏

Saturday, 28 June 2008

ကောင်းကင်နတ်သမီး

Easter Lily
ခုရွယ်မှ
ရင်ခုန်တက်ပြန်ရောလို့
နူတ်ခမ်းလေး စူသရောင်နဲ့ ဆိုချင်ဆို
မချစ်ချင်တော့ဘူးလို့ အားတင်းထားတဲ့
ငါ့မာနတွေကတော့
ကောင်မလေးရဲ့အသံလှိုင်းကြားမှာ
ပုံသွင်းခံရတဲ့ ဂျယ်ရီတုံးကလေးလို
ပျော့ဖတ်နူးညံ့သွားလိုက်ရတာ
ကောင်မလေးသိပါလေစ။။။
"အချစ်အတွက်ကံမကောင်းတဲ့သူ
အချစ်ကိုသိချိန်
မလွမ်းရဲသေးဘူးမောင်ရယ်"
အဲဒီသီချင်းတွေကို
မြန်မာသံနဲ့ အဆိုကောင်းသလို
စကားပြောကောင်းတဲ့ ကောင်မလေးရေ
ငါ့အတွက်တော့
တန်ဖိုးမဖြတ်နိုင်ဘူး
ကောင်းကင်နတ်သမီးလေးနယ်...ပါ။။။။။။

"ပန်းတိုင်ရှိရာ"

ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေ စနိုင်ဖို့ အတွက်ပါပဲ။
ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ..။
ကြောက်စိတ်မ၀င်နဲ့ ကလေး
ပထမခြေလှမ်းမှာ ယိုင်လဲ
ဒူးပြဲချင် ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ် ခြေလှမ်းတွေစမယ်..။
လေးဘက်သွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်း ကဲစမ်း
ရဲရဲလှမ်း ကလေး..
(ပြီးရင် )
ပြေးလှမ်းပေါ်တက်ရအောင်...။
မောင်စိန်ဝင်း(ပုတီးကုန်း)
(၂၀၀၈ ဖေဖော်ဝါရီလ ငွေတာရီမဂ္ဂဇင်း)
(သူငယ်ချင်းတယောက်ထံမှ ရရှိခြင်းဖြစ်ပါသည် အမှားပါရင်လည်းခွင့်လွတ်ပါ)

မျှော်လင့်ခြင်း

ချစ်သူရေ
မဖြေနိုင်အလွမ်းတွေနဲ့
ရှိုက်သံမဲ့တမ်းတရင်း
နင့်ကို မျှော်နေတုန်းပါ…
တို့ရဲ့ မသိမိုက်မဲခြင်းတွေအတွက်
နင့်ကို စိုးရွံ့နေတုန်းပါ…
နောက်ဆုံးတော့လည်းလေ
မလွမ်းတတ်တဲ့ကောင်မလေး
အလွမ်းတွေရင်မှာစု နောင်တတွေ ကို
အဖော်ပြုရင်းနဲ့ဘဲ နင့်ကို
ငါလေ ချစ်နေဆဲပါ။။။။

သတိရရင်ပြန်လာပါ

သူငယ်ချင်း
သတ္တိမရှိလို့ မဟုတ်ပါဘူးကွယ်
ရှိထားပြီးဖြစ်တဲ့ အဖြူရောင်ကြိုးလေးတစ်ချောင်း
ပြတ်တောက်သွားမှာကို
ငါမလိုလားလို့ပါ..။
သူငယ်ချင်း
ဖြူစင်တဲ့ သံယောဇဉ်တွေကြားမှာ
ရှိခဲ့တဲ့ တို့နှစ်ယောက်ရဲ့အချိန်က
တကယ့်ကို နည်းနည်းလေးပါ
ဒါပေမယ့် ငါ့အတွက်တော့
အားလုံးဟာ အမှတ်တရတွေချည်းပါပဲ..။
သူငယ်ချင်း
မမျှော်လင့်ဘဲ တို့တွေခွဲခွာခဲ့ရတယ်
နှုတ်ဆက်ချိန်တောင် မရခဲ့ဘူးနော်
ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးမှ
နင့်ဆီကရောက်လာတဲ့ စာတစ်စောင်ဟာ
ပျော်ရွှင်ခြင်းတွေ ငါ့ဆီသယ်ဆောင်လာခဲ့တယ်
ငါဘယ်လောက် အံ့သြ၀မ်းသာခဲ့ရတယ်ဆိုတာ
ပြောမပြတတ်လောက်အောင်ပါပဲ..။
သူငယ်ချင်း
တို့တွေ စာအပြန်အလှန်ရေးခဲ့ကြတယ်နော်
ရှိပြီးသား သံယောဇဉ်တွေလည်း
ပိုပြီးခိုင်မာလာခဲ့တယ်
မိဘတွေနဲ့ ဝေးနေတဲ့ငါ့အတွက်
နင့်ဆီက နားလည်မှုတွေ
နွေးထွေးမှုတွေ အားပေးစကားတွေ
ပြီးတော့ ငါ့မွေးနေ့တိုင်းမှာရောက်လာတတ်တဲ့
အမှတ်တရ လက်ဆောင်လေးတွေ
ဆုတောင်းစကားလေးတွေ
အားလုံးအတွက် ကျေးဇူးပါ..။
သူငယ်ချင်း
ခုတော့ ဘယ်မှာလည်းကွယ်
ဘယ်ဆီရောက်ပြီး ဘာတွေလုပ်နေလဲ
ဘယ်အချိန်မှာ ပြန်ဆုံနိုင်မယ်ဆိုတာ
မသိနိုင်တဲ့ တို့တွေအတွက်
နင်ပျော်ရွှင်ပါစေလို့
အဝေးကနေ ငါဆုတောင်းနေပါ့မယ်
သတိရရင် ပြန်လာပါ...။

ရှိနေပါရစေ

မကျော်ကောင်းတဲ့ စည်းတွေခြားသွားခဲ့ပြီပဲ
ငါမကျော်တော့ပါဘူး
ဒါပေမဲ့ အဲ့ဒီစည်းရဲ့အနီးဆုံးမှာတော့ ငါရှိနေပါရစေ
ကျော်လို့မရတဲ့ တံတိုင်းတွေ ခြားသွားခဲ့ပြီပဲ
ငါမကျော်တော့ပါဘူး
ဒါပေမဲ့ အဲ့ဒီတံတိုင်းရဲ့ အနီးဆုံးမှာတော့ ငါရှိနေပါရစေ
ခေါ်လို့မရတဲ့ ဘ၀တွေနဲ့
အဝေးဆုံးထိဝေးသွားခဲ့ပြီပဲ
ငါမခေါ်တော့ပါဘူး ………..
ဒါပေမဲ့ မင်းရဲ့အနီးဆုံးနေရာမှာတော့
ငါရှိနေပါရစေ။။

ပန်းနှင့်သစ္စာ

မြေမှာ ပွင့်လန်း တော်ဝင်ပန်းအား
မကြိုက်သူရှား ကြိုက်သူများမို့
ကိုယ်လည်းကြိုက်မိ အပြစ်ရှိ၏…
ပန်းတိုင်း ကိုတန်းဖိုးထားပေမဲ့
ပန်းတိုင်းကိုတော့ မနှစ်သက်ခဲ့ပါဘူး
အဆင်းရှိ အနံ့ရှိတဲ့ ပန်းမျိုးဖြစ်ခဲ့မယ်ဆိုရင်
တော့ တိုင်းထက်လွန်ပေါ့..
ပန်းတကာပန်း ကြိုက်သောပန်းကား
သစ္စာဖွဲ့တည် မော်ကွန်းတင်သည့်
ပန်းလှသစ္စာ မြတ်ပန်းမာလာမို့
ပန်းနှင့်ထပ်တူ ညွန်းဖွဲ့ဆိုမည်
ကြင်သူမင်းကို ချစ်နေမည်ယုံ….

အချစ်သက်သေ

ရှုပ်ထွေးလွန်းတဲ့ စိတ်
ကာရန်မဲ့ဖြစ်ခဲ့ရတော့
ရင်တွင်းက ခံစားချက်
ဖော်ပြခွင့်မရှိလည်း
နာကျင်နေတဲ့ နှလုံးသားအတွက်
ကဗျာလေးတွေက
သက်သေပါကွယ်...